နှင်းစက်လက်တွဲခိုနေတဲ့
စံပယ်အိုလေးရေ…
ဒီလကွယ်ညမှာပဲ
ဆုတ်ကိုင်ထားတဲ့ လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။
တချို့လူတွေက
ဘဝမှာကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက…
နေတွေလတွေတောင် ကြွေကျခဲ့ဖူးပါတယ်။
သွားတော့မယ်နော်…
ကံကြုံရင်ပြန်ဆုံကြဦးမှာပေါ့လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျောက်စရစ်ခဲတွေ အပြိုင်းအရိုင်းကြဲနေတယ်။
(ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ)
လေရိုင်းတွေ ဝိုင်းဝန်းတိုက်ခဲ့ကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖြန်ခါဟာ နာမည်ဆိုးမရှိပါဘူး။
ဒါပေမယ့်…
လွမ်းဆွတ်နေသူတစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိမ်မက်များ
နှင်းဆီချွေရထားမှာ
စူးစူးဝါးဝါးဥဩဆွဲပစ်လိုက်တယ်။
ဒီည…
နောက်ည…
ဘယ်လိုမှ နိဂုံးချုပ်မရပါဘူး
ဘီလူးဖမ်းသလိုကြမ်းတဲ့လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။
ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ နောက်ဆုံးစာမျက်နှာထက်၌
နတ်သူရူးတွေကြဲပက်တဲ့
ကောင်းကင်ဘုံက အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ ရှ-အက်-ကြေ-ကွဲ…
မင်နီတွေ “ရဲ” လို့ပေါ့ကွယ်။ ။
တာရာမင်းဝေ
No comments:
Post a Comment